Skip to main content

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) မှ ဦးဆောင်ကျင်းပသော ဒုတိယအကြိမ် ပြည်သူ့ ညီလာခံ ဖွင့်ပွဲတွင်ပြောကြားသော အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) ၏ မိန့်ခွန်းအမှာစကား

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) မှ ဦးဆောင်ကျင်းပသော

ဒုတိယအကြိမ် ပြည်သူ့ ညီလာခံ ဖွင့်ပွဲတွင်

သမဂ္ဂများ၊ အမျိုးသမီးများ၊ လူငယ်နှင့် လူနည်းစုဆိုင်ရာ အဖွဲ့အစည်းများ အပါအဝင် အရပ်ဖက်လူထုအဖွဲ့အစည်းများ၊ အာဏာရှင်စနစ် ဆန့်ကျင်ရေး CDM လှုပ်ရှားမူဆိုင်ရာ အဖွဲ့အစည်းများ၊ လူထုသပိတ်လှုပ်ရှားမှူဆိုင်ရာ အဖွဲ့အစည်းများ ကိုယ်စား

 

အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) ၏ မိန့်ခွန်းအမှာစကား

 

အလွှာပေါင်းစုံဆုံရပ်တော်လှန်ရေးနှင့်ဖက်ဒရယ်ဒီမိုကရေစီအိပ်မက်

Intersectional Revolution and the Dream for a Federal Democracy

 

မြန်မာပြည်ဟာ စတင်တည်ရှိကတည်းက၊ သန္ဓေတည်စဉ်ကပင်စုံလင်ကွဲပြားမှုများဖြင့်စတင်ခဲ့သည်၊ ပြည်ထောင်စုပေါ်ထွန်းရေးခရီးစဉ်ကြီးကို လျောက်လှမ်းလာတာ (၇၅) နှစ်ပြည့်လွန်ပြီးသည့်နှစ်တွင် ကျမတို့သည် “အလွှာပေါင်းစုံဆုံရပ်တော်လှန်ရေးကြီး” ၏နိုင်ငံရေးအိပ်မက်ဖြစ်သော ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံသစ်တည်ဆောက်နိုင်ရေးအတွက် ဆက်လက်တော်လှန်တိုက်ပွဲ ဝင်နေရဆဲဖြစ်ပြီး ယခု အခါ ဒုတိယအကြိမ် ပြည်သူ့ညီလာခံကိုကျင်းပနေခြင်းဖြစ်သည်။

 

ယခုလိုမျိုး စိန်ခေါ်မှုမျိုးစုံကြားမှခေါ်ယူကျင်းပရသည့်ပြည်သူ့ညီလာခံတွင် အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) အနေနဲ့ စကားပြောခွင့်ရသည့်အတွက် ဝမ်းနည်းဝမ်းသာဂုဏ်ယူမိပါသည်။ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) သည် မြန်မာတစ်နိုင်ငံလုံးရှိ အမျိုးသမီးများအားလုံးပါဝင်မှုမရှိပါ။ တစ်နိုင်ငံလုံးလူဦးရေ၏ ၅၁% ရှိသောအမျိုးသမီးထု၏ ထောက်ခံမှုလည်းရှိမရှိ ကျမတို့မသိပါ။ သို့သော် အမျိုးသမီး အဖွဲ့ချုပ် (မြန်မာနိုင်ငံ) သည် ၁၉၉၉ ခုနှစ် ဖွဲ့စည်းပြီးသည့်အချိန်မှစ၍ အမျိုးသမီးနိုင်ငံရေးအဖွဲ့အစည်းအဖြစ် မားမားရပ်တည်ပြီး အာဏာရှင်တော်လှန်ရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီတည်ဆောက်ရေးတွင် အခြားတော်လှန်ရေးအင်အားစုများနှင့်အတူ စွမ်းစွမ်းတမံပါဝင် နေသောအဖွဲ့အစည်းတစ်ခုဖြစ်ပါသည်။